စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး) #Copy #Credit ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည...
Comments
Post a Comment